တာမွေမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

တာမွေ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အပါအဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်း လုပ်ငန်း များအား နေ့စဉ် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လ (၈)ရက်နေ့အထိ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ (၃၁)ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။  

ထိုကဲ့သို့ တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ခြင်များခိုအောင်းနိုင်သည့် နေရာများနှင့် ခြင်များ ပေါက်ဖွားနိုင်သည့် ရေတင်ကျန်နေသော ဗူး၊ ခွက်၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ မြို့နယ်အတွင်း ရေစီးဆင်းမှုမရှိသည့် ပိတ်ဆို့နေသော ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အထူးအလေးထား ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု ကင်းဝေးစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း၊ ခြင်များ ခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ခြင်ဆေးများ မှုတ်ပေးခြင်း စသည်ဖြင့် မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကင်းဝေးစေရေးအတွက် အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၁-ခုနှစ်အတွင်း  သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၆၇)ဦး အထိရှိပြီး ယခု ၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လ(၈)ရက်နေ့အထိ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၃၁)ဦးအထိ ရှိလာခဲ့ပြီဖြစ်တာကြောင့် မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)