သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအနေဖြင့် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်

ပုဇွန်တောင် ဇူလိုင် ၁၀

မိုးရာသီတွင် ဖြစ်ပွားတတ်သော  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ရှိ အမှတ်(၄) အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၈ နာရီက  ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေးလုပ်ငန်းအနေဖြင့် အဘိတ်ဆေးခတ်ခြင်းနှင့်ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ယခုအခါ မိုးရာသီသို့ရောက်ရှိနေပြီဖြစ်၍ ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှု အများဆုံးကာလဖြစ်၍ ကျောင်းအတွင်းရှိ ပိုးလောက်လန်းများနှင့်ခြင်များ အလွယ်တကူ ပေါက်ပွားနိုင်သည့် ရေစပ်ရေအိုင်များ၊ ရေတွင်း၊ ရေကန်များ၊ ကြာရှည်သိုလှောင် ထိန်းသိမ်းထားနိုင်သည့် ရေပုံးများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေ/ သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းနှင့် စာသင်ဆောင်များအတွင်း ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် လက်ထောက်အုပ်ချုပ်ရေးမှူးတို့ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ကျောင်းများတွင် အပတ်စဉ်တိုင်း အလှည့်ကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်