မိုင်းကိုင် ဇူလိုင် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကြီးမှူး၍ ကျောင်းသားကျောင်းသူများ၊ လူငယ်လူရွယ်များအတွက် လူထုဟောပြောနည်းနှင့် အခမ်းအနားမှူးဆောင်ရွက်ပုံ ရက်တိုသင်တန်းကို ယမန်နေ့ မနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် လူငယ်လူရွယ်များ ဆွေးနွေးဟောပြောခြင်း အတတ်ပညာတတ်မြှောက်၍ နှုတ်မှုရေးရာ၌ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ မိမိတို့၏ မြို့ရွာ၊ အဖွဲ့အစည်း ကျောင်းများတွင် ကျင်းပပြုလုပ်မည့် အခမ်းအနားများတွင် အခမ်းအနားမှူး ကောင်းများ အဖြစ်ဆောင်ရွက် တတ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်လူရွယ်များ စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင် ဆောင်ရွက် တတ်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသင်တန်းသို့ အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုင်)မှ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူ ၁၅ ဦး တက်ရောက်ခဲ့ပြီး၊ လူထုဟောပြောနည်း၊ စကားပြောစွမ်းရည်၊ အခမ်းအနားမှူး ကောင်းတစ်ဦးအတွက် ဆောင်ရန်ရှောင်ရန် သိမှတ်ဖွယ်ရာ အကြောင်းအရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက သင်တန်းနည်းပြအဖြစ်ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)