ပျဉ်းမနား ဇူလိုင် ၁၀
၂၀၂၂ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်စုံအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိခဲ့ကြသည့် ပျဉ်းမနားမြို့နယ်ကိုယ်စားပြု အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းအသင်းနှင့် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့အား ဂုဏ်ပြုချီး မြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် ပျဉ်းမနားမြို့၊ မင်္ဂလာကန်တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက ပျဉ်းမနားမြို့နယ်အနေဖြင့် ၂၀၂၂ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်စုံ အားကစားပြိုင်ပွဲတွင် အမျိုသားပိုက်ကျော်ခြင်းနှင့် ဘောလုံးအားကစားတို့မှ ပထမဆုများ အသီးသီးဆွတ်ခူး နိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယခုကဲ့သို့ အောင်မြင် မှုများရရှိအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးခဲ့ကြတဲ့ မြို့နယ်ဆပ်ကော်မတီအသီးသီး၊ မြို့မိ/မြို့ဖများနှင့် ပြိုင်ပွဲဝင်အားကစားသမား များအတွက် ကြိုးစားအားထုတ်မှုရဲ့ ရလဒ်တစ်ခုပင် ဖြစ်ပါကြောင်း၊ အားကစားသမားလူငယ်များအနေဖြင့်လည်း ယခုလိုအောင်မြင်မှုများမှတဆင့် ပြည်ထောင်စုနယ်မြေ လက်ရွေးစင်၊ နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ဖြစ်လာအောင် စဉ်ဆက်မပြတ် ကြိုးစားလေ့ကျင့်နေကြဖို့လိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သန်းက မြို့နယ်ကိုယ်စားပြုအဖြစ်ပထမဆုရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် အားကစားသမားများအား ဂုဏ်ပြုစကားပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့ကြသည့် အမျိုးသား ပိုက်ကျော်ခြင်းနှင့် ဘောလုံးအားကစားသမားများက ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ထံ ပထမ ဒိုင်းဆုများကို အပ်နှံကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက ပထမဆုရရှိခဲ့သည့် ပိုက်ကျော်ခြင်းအသင်းအတွက် ဂုဏ်ပြုဆုငွေ ကျပ်(၅)သိန်းနှင့် ပထမ ဆုရရှိခဲ့သည့် ဘောလုံးအသင်းအတွက် ဂုဏ်ပြုဆုငွေ(၅)သိန်း တို့ကိုပေးအပ်ရာ အားကစားသမားများက လက်ခံရယူခဲ့ကြပြီး အောင်ပွဲရအားကစားသမားများကိုယ်စား မြို့နယ်အားကစားမှူး ဦးအောင်ကိုဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)