မအီ ဇူလိုင် ၁၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး၊ တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေးအစီအစဉ်များအလိုက် အရှိန် အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ မအီမြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မအီမြို့ပေါ် ရပ်ကွက်များအတွင်း ခြင်များခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်း များနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ခြင်ဆေးများမှုတ်ပေးခြင်း၊ ခြင်များပေါက်ဖွား နိုင်သည့် ရေတင်ကျန်နိုင်သောနေရာများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ တာယာခွံ၊ ပလပ်စတစ်ခွံများရှင်းလင်းရှင်း၊ ရေနှုတ်မြောင်းများနှင့် Box Culvert များအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးများခတ်ပေးခြင်း စသည်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်စေရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရရာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ကြောင်း၊ ၎င်းရောဂါသည် ကပ်ရောဂါအသွင်ဖြစ်ပွားမှုဖြင့် (၂)နှစ်လျှင် တစ်ကြိမ်(သို့မဟုတ်) (၃) နှစ်လျှင် တစ်ကြိမ် ဖြစ်ပွားလေ့ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်များတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း များပြားခဲ့ခြင်းကြောင့် အခုလို မအီမြို့ အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ငှက်ဖျား ရောဂါတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ မအီမြို့ပေါ်ရပ်ကွက်များအနှံ့ ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးများဖျန်းခြင်း စသည့်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို တောင်ကုတ် မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်သိပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်းနှင့် ခြင်ဆေးဖျန်းခြင်းများကို ယနေ့နံနက်ပိုင်း ပထမအသုတ်တွင် အိမ်ခြေ(၅၀)ခန့် ခြင်ဆေးများဖျန်းပက်ပြီးဖြစ်ကြောင်း၊ မွန်းလွဲပိုင်းတွင် ဒုတိယအသုတ်အနေဖြင့် ဆက်လက်ဖျန်း ပက်မည်ဖြစ်ကြောင်း အဆိုပါကျန်းမာရေးမှူးဦးလှဝင်းက သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)