ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ချမ်းအေးသာစံ   ဇူလိုင်   ၁၀

ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့် လူအများရှေ့တွင် ရဲရဲရင့်ရင့်စွာ ပြောဆိုတတ်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ပြိုင်ပွဲကျင်းပခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ရာ  မြို့နယ်စာကြည့်တိုက်တွင် လာရောက်စာဖတ်ကြသော ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

၎င်းနည်းတူ သွက်လက် ထက်မြက်ပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကလေးများ ဖြစ်ပေါ်စေရန် အင်္ဂလိပ်စာ စွမ်းရည် တိုးတက်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ (၄၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ဒုတိယဦးစီးမှူး ဦးမောင်မောင်က ပြိုင်ပွဲတွင် ဆုရွေးချယ်ခဲ့သည့် စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲများသို့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊  စာဖတ်ပရိသတ်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်