တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

တာမွေ ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က “တာမွေမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာတွေ အနေနဲ့ သက်ဆိုင်ရာကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်တွေ၊ အခက်အခဲတွေရှိရင် အခုပြုလုပ်သည့် ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်း တင်ပြကြဖို့အတွက် ပထမဦးစွာ ပြောကြားလိုပါကြောင်း၊ ထိုကဲ့သို့ တင်ပြမှသာ မိမိတို့အနေနဲ့ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ အဂတိတရားကင်းရှင်းစွာ နေထိုင်ကြဖို့ များစွာလိုအပ်ပါကြောင်း၊ ဝန်ထမ်း များ၏ အရည်အချင်းမြှင့်တင်ရေးအတွက်လည်း သက်ဆိုင်ရာဌာနတွေအနေနဲ့ အထူးအလေးထားဆောင်ရွက် ပေးကြဖို့ များစွာလိုအပ်ပါကြောင်း၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ပေးရေးအတွက်လည်း သက်ဆိုင်ရာဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင် မူးယစ်ဆေးဝါးပပျောက်စေရေးအတွက်လည်း ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာဌာန/ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ ပြောကြားလိုပါကြောင်း၊ ဒါ့အပြင် မြို့နယ်အတွင်း ကိုဗစ်-၁၉‌ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေနဲ့ အသိပညာပေးခြင်း လုပ်ငန်းတွေမှာ မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေနဲ့ အထူးပါဝင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ မိမိတို့ ရုံးဌာနများသာမက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာများ အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေး အတွက်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ အခုလက်ရှိတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ချုံနွယ်ပိတ်ပေါင်းများပေါများပြီး ရေစီးရေလာမကောင်းသည့် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်သည့် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား မြို့နယ်ပညာရေးဌာနအနေဖြင့် ဦးစားပေးတင်ပြဖို့ ပြောကြားလိုပါကြောင်း၊ မိမိတို့ရုံးဌာနများ လုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် ကဏ္ဍအလိုက် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ ဒေသခံ ပြည်သူများအတွက် အကျိုးရှိပြီး ထိရောက်မှုရှိတဲ့လုပ်ငန်းများဖြစ်ဖို့ အဓိကထား ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့ပြီး တက်ရောက်လာကြသော တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မြို့နယ်အတွင်း ဆောင်ရွက်လျက် ရှိသည့် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အစည်းအဝေးသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)