ပုဇွန်တောင်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပိုစတာပြိုင်ပွဲ ကျင်းပ

ပုဇွန်တောင် ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၃) အ‌ခြေခံပညာအထက်တန်း ကျောင်းတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီက အဆိုပါကျောင်းရှိ အင်အားသစ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၃) အ‌ခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒွန်စန်းကျင်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆရာမ ဒေါ်သန္တာခိုင်က "အာဇာနည်နေ့တို့မမေ့"ဆိုသည့် ခေါင်းစဉ်ဖြင့် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး ပိုစတာပြိုင်ပွဲကိုလည်း ကျင်းပဆောင်ရွက်ခဲ့ပြီး အဆိုပါ ပိုစတာပြိုင်ပွဲတွင် အထက်တန်းအဆင့် ‌ကျောင်းသား/ သူများက ပါဝင်ယှဉ်ပြိုင်ကာ ဆုရကျောင်းသား/သူများကို (၇၅) နှစ်‌မြောက် အာဇာနည်နေ့တွင် ဆုများချီးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲကို နိုင်ငံတော်၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည့် အာဇာနည်နေ့အား အစဉ်ထာဝရ အမှတ်ရစေရန်၊ ကျောင်းသား/ကျောင်းသူ များအား အာဇာနည်စိတ်ဓာတ်များ ကိန်းအောင်းကြစေရန်နှင့် တိုင်းပြည်ကိုချစ်မြတ်နိုးပြီး နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် အားကိုးအားထား ပြုနိုင်သည့် သားကောင်း သမီးကောင်းများ ဖြစ်လာကြစေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်