မြစ်ကြီးနားမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းများ ဆင်းပွဲကျင်းပ

မြစ်ကြီးနား ဇူလိုင် ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများဓမ္မာရုံတွင် ယနေ့နံနက် (၁၀)နာရီက ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ကချင်ဇုန်) တို့ပူးပေါင်းဖွင့်လှစ်သည့် အမှတ်စဉ် (၁/၂၀၂၂) ပထမအကြိမ် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်းများနှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism) ဖော်ဆောင်ခြင်းဆိုင်ရာ အခြေခံဝန်ဆောင်မှုသင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြစ်ကြီးနားရုံးခွဲ ညွှန်ကြားရေးမှူး ဦးခိုင်ဦးက သင်တန်းဖွင့်လှစ်နိုင်မှုအပေါ် အဖက်ဖက်မှ ကူညီပံ့ပိုးခဲ့သော အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို (၁၃.၆.၂၀၂၂ မှ ၈.၇.၂၀၂၂) ရက်နေ့ထိ သင်တန်းသားစုစုပေါင်း (၁၃၇) ဦးဖြင့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်း ဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှု သင်တန်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲတွင် ဆုရရှိသူများနှင့် သင်တန်းအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ခဲ့သူများအား တာဝန်ရှိသူများက ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း ကျန်းမာရေးနှင့်ညီညွတ်သည့် (National)အဆင့် Health and Safety Protocals ဟိုတယ်(၁)လုံးနဲ့ (Regional)အဆင့် Health and Safety Protocals ဟိုတယ်အလုံးပေါင်း (၄၀)ရှိကြောင်းနှင့် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ရပ်တန့်မှုဖြစ်ပေါ်ခဲ့သည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်မြင့်တင်နိုင်ရေးတွက် ကျွမ်းကျင်မှုရှိသော ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရေး အစီအစဉ်အဖြစ် ယခုကဲ့သို့သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မြစ်ကြီးနားရုံးခွဲမှ သိရသည်။       

ခရိုင်(ပြန်/ဆက်)