ကျောက်ဆည် ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် နေ့စဉ်ဝင်ရရှိရေး ဂန္ဓမာပန်းများ နှစ်ပတ်လည် စိုက်ပျိုးရောင်းချများရှိကြောင်းသိရှိရပြီး သံရွာကျေးရွာအုပ်စု ညွှန့်ပင်ကျေးရွာတွင် စိုက်ပျိုးထားသော ဂန္ဓမာပန်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ခူးဆွတ်ရောင်းချသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။
ပန်းများစိုက်ရာတွင် မိမိတို့စိုက်ပျိုးလိုသည့် ဂန္ဓမာပန်းပန်းမျိုးကွဲများဖြစ်သော ရွှေစိမ်းအနီ၊ ခိုင်ချူး၊ စပယ်အဖြူ၊ စပယ်အဝါ၊ ကျောက်စိမ်း၊ ရွှေဝါဝင်း၊ စသည့် ပန်းပျိုးပင်များကို ပြင်ဦးလွင်မြို့နယ် အနီးစခန်းကျေးရွာမှ ဝယ်ယူ၍ စိုက်ပျိုးရကြောင်း၊ ပန်းပျိုးပင်အမျိုးအစားအလိုက် ငွေ (၇) ကျပ်မှ (၁၂) ကျပ်အထိ အမျိုးမျိုးဝယ်ယူရကြောင်း စိုက်ပျိုးပြီး (၄) လအကြာတွင် ပန်းများစတင်ရောင်းချရကြောင်း၊ ရောင်းချရာတွင် ပန်းခိုင် (၃၅) ခိုင်ခန့် ပါဝင်သော ပန်းတစ်စည်းအားပန်းလှပမှုနှင့် ပန်းအမျိုး အစားအပေါ်မူတည်၍ ငွေကျပ် (၃၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်အထိ ရောင်းချရကြောင်း ပန်းစိုက်ပျိုး ရောင်းချသူ ဦးစိန်အောင်ကပြောပြ၍ သိရှိရသည်။
ဂန္ဓမာပန်းများ စိုက်ပျိုးမည်ဆိုပါက အပင်သန်မာပြီး ကိုင်းဖြာမှုကောင်းစေရန်နှင့် အရောင်အသွေး လှပစေရန်အတွက် ဦးစွာသဘာ ဝမြေဩဇာဖြစ်သည့် နွားချေးများနှင့်မြေအား ပြုပြင်ပေးထားရပြီး ပန်းအမျိုးအစားနှင့် မြေအမျိုးအစားအလိုက် ပန်းစိုက်ပျိုးရန် မြေဘောင်များပြုလုပ်၍ စိုက်ပျိုး ရကြောင်း၊ ဂန္ဓာမာပန်းတစ်ဧက စိုက်ပျိုးမည်ဆိုပါက အပင်ရေ (၆) သောင်းခန့် စိုက်ပျိုးနိုင်ပြီး ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးပါက အပင်၏ကိုင်းဖျားမှ အစအောက်ခြေအထိ ပန်းပင်တစ်ပင်လုံး ရေရရှိသောကြောင့် အရွက်များ အမြဲစိမ်းလန်းကာ ရောင်းချရာတွင် လူကြိုက်များကြောင်းနှင့် ပန်းများလှိုင်လှိုင်ပေါ်ပါက (၅)ရက်တစ်ပတ် ဈေးရှိသည့် သံရွာ၊ ဟံမြင့်မိုရ်၊ မင်းစုကျေးရွာများနှင့် ကူမဲ၊ မြစ်သား၊ ကျောက်ဆည်၊ မန္တလေးမြို့များတွင် အလွယ်တကူရောင်းချနိုင်ပြီး ဂန္ဓမာပန်းသည် မျိုးကွဲများစွာရှိပြီး အရောင်အသွေးစုံလင်သည့်ပန်းမျိုးဖြစ်သောကြောင့် စိုက်ပျိုးရောင်းချရာတွင် အဆင်ပြေလျက် ရှိကြောင်း ဟံမြင့်မိုရ်ကျေးရွာမှ မဇင်မာသန့်က ပြောပြသည်။
သက်မောင်(ကျောက်ဆည်)