ပုဇွန်တောင် ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အတွင်း/အပြင် သန့်ရှင်းသာယာလှပပြီး ကျောင်းသား/ကျောင်းသူများ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေး အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ပုဇွန်တောင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ၅၂ လမ်းရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပုဇွန်တောင်မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူးနှင့် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ လာရောက်၍ လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထိုကဲ့သို့ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ရာတွင် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းဆောင်များ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်ခြင်း၊ မိုးရာသီတွင်ဖြစ်ပွား လျက်ရှိသော သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရန် ကျောင်းအတွင်းရှိ ရေကန်များတွင် ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရန် အဘိတ်ဆေးခတ်ခြင်း၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းတို့ကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှ အနီးကပ် ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာများ၊ စည်ပင်သာယာလုပ်သားများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ပရဟိတအဖွဲ့များမှ ပူးပေါင်း၍ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်