မိုင်းပျဉ်းမြို့၌ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကျင်းပ

မိုင်းပျဉ်း   ဇူလိုင်  

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးရေးဖြေပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ  (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါး ရေးဖြေပြိုင်ပွဲ၌ မူလတန်းအဆင့်တွင် “အာဇာနည်နေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် “အာဇာနည်နေ့ဒို့မမေ့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် တွင် “၁၉ ဇူလိုင်မမေ့နိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြရာ မိုင်းပျဉ်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်တွင် (၂၄)ဦး၊ အလယ်တန်းအဆင့်တွင် (၁၇)ဦးနှင့် အထက်တန်းအဆင့်တွင် (၃၅) ဦး ၊ စုစုပေါင်း (၇၆) ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါး ရေးဖြေပြိုင်ပွဲ၌ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးဌာနမှ နေ့ရက်သတ်မှတ်၍ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သတင်းရရှိပါသည်။

နန်းသန္တာဦး (ပြန်ဆက်)