နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပ

နမ္မတူ ဇူလိုင် ၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ Online စနစ်ဖြင့် မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူ အသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က Online စနစ်ဖြင့် မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ဒေါ်ဌေးဌေးညွန့်က လူသတ်မြေမြုပ်မိုင်းနှင့် ယာဉ်ဖျက်မိုင်းတို့၏ ခြိမ်းခြောက်မှုအန္တရာယ်များ၊ ပေါက်ကွဲစေတတ်သော မိုင်းများ၊ အပိုင်းအစအဖြစ် ဖြာထွက်သောမိုင်း/တိုက်မိုင်း၊ ခုန်ပြီးဖျာထွက်သောမိုင်း၊ ရှေ့ထွက်မိုင်း၊ မပေါက်ကွဲသေသော စစ်လက်နက်ခဲယမ်းများနှင့် လက်လုပ်ဗုံးများ၏ ထိခိုက်ဖျက်စီးနိုင်သည်များနှင့် ဆောင်ရန်ရှောင်ရန် နည်းလမ်းများ၊ အန္တရာယ်အသိပေး အညွန်းများအကြောင်းနှင့် မိုင်းကြောင့် ထိုခိုက်ဒဏ်ရာရပုံစံအလိုက် ရှေ့ဦးပြုစုခြင်းနည်းလမ်းများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူ အသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် ရိုက်ကူးတင်ဆက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။

လူမော်(ပြန်/ဆက်)