ကျောက်ဆည် ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်များအား ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဥယျာဉ်ကျေးရွာ၌ သောက်သုံးရေ ဖူလုံစွာရရှိရေး ရေစက်ရုံနှင့် စင်မြင့်ရေစင်တစ်ခု ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ်(၁၂)သန်း အကုန်အကျခံကာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ အလျား (၁၀)ပေ၊ အနံ (၁၀)ပေ၊ အမြင့် (၁၀)ပေ ရေစက်ရုံပါဝင်သည့် ရေဂါလံ (၂၄၀၀)ဆံ့ စင်မြင့်ရေစင် (၁)ခု၊ တွဲလျက်ဆောက်လုပ်ပေးခြင်းဖြစ်ပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် ပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဒေါ်ဌေးဌေးရီဦးစီးအရာရှိ (နည်းပညာ)တို့က ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ရေစက်ရုံနှင့်စင်မြင့်ရေစင် ဆောင်ရွက်ပြီးစီးသွားပါက ဥယျာဉ်ကျေးရွာမှ အိမ်ခြေ (၁၀၀) အိမ်၊ လူဦးရေ (၄၂၀)ဦးနှင့် ကျွဲ၊ နွား တိရိစ္ဆာန်များအတွက် သောက်သုံးရေများ ဖူလုံစွာဖြင့် ရာသီမရွေး သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်