ကျောက်မဲမြို့၊ အ.မ.က(၃)ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

ကျောက်မဲ ဇူလိုင် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အ.မ.က ၃ ကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မြတ်ဝါက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။

ယင်းနောက် ကျောင်းသား ကျောင်းသူများအား ပုံပြင်ဖတ်ပြခြင်း၊ အချိန် ၁ နာရီပေး၍ စာဖတ်စေပြီး အပြန်အလှန် ပြန်လည်ဆွေးနွေးစေခြင်း၊ စာအုပ်များ ငှာရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောင်းသား ကျောင်းသူ ၁၀၀ ဦးကျော် တက်ရောက်ခဲ့ပြီး ပြသထားသည့် နံရံကပ်စာစောင်နှင့်ဓါတ်ပုံများကို စိတ်ဝင်တစား ကြည့်ရှုကြကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)