မလှိုင်မြို့တွင် စားအုန်းဆီ(၁)ပိဿာလျှင် ငွေကျပ်(၆၂၀၀)နှုန်းဖြင့် ရောင်းချပေး

မလှိုင် ဇူလိုင် ၉

မလှိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ နယ်မြေ(၇)ရှိ “ကျောက်တိုင်” ဆီစက်မှ စားအုန်းဆီ (၁)ပိဿာလျှင် ရည်ညွှန်းစျေးငွေကျပ် (၆၂၀၀)နှုန်းဖြင့် ယနေ့ နံနက် (၉)နာရီမှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် မိဘပြည်သူများ နေ့စဉ် ကြော်လှော်ချက်ပြုတ်သော မီးဖိုချောင်တို့၌ ဈေးနှုန်းမျှတစွာ ဝယ်ယူစားသုံးနိုင်ပြီး လူခန္ဓာကိုယ်အတွက် အင်အားကို အဆီဓာတ် (fats)၊ ကစီဓာတ် (Carbohydrates) နှင့် ပရိုတိန်းဓာတ် (Proteins) တို့မှ ရရှိနိုင်ရန် ရည်ရွယ်၍ အမှတ်(၁)ရပ်ကွက်နေ ဦးဝင်းမြ ၊ “ကျောက်တိုင်”ဆီစက်မှ လူ(၁)ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ပြည်သူ(၅၁၀)ဦး၊ စားအုန်းဆီပိဿာချိန် (၅၁၀)ပိဿာအား ငွေကျပ် (၆၂၀၀)နှုန်း ရောင်းချပေးခဲ့သည်။ မလှိုင်မြို့နယ်စည်ပင်သာယာဈေးတွင် စားအုန်းဆီ (၁)ပိဿာလျှင် လက်လီဈေးနှုန်း ငွေကျပ် (၉၀၀၀)နှုန်းဖြင့်လည်းကောင်း၊ ပိဿာ(၁၁၀)ဝင်ဆံ့ (၁)ပေပါလျှင် လက်ကားဈေး (၁)ပိဿာလျှင် ငွေကျပ် (၈၅၀၀)နှုန်းဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရှိရသည်။                

အောင်ဌေး(မလှိုင်)