ဟိုပန် ဇူလိုင် ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက် မှာကြားချက်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ထပ်ဆင့်ညွှန်ကြားချက်များကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ထပ်ဆင့်ရှင်းလင်းပွဲအား ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ထပ်ဆင့်လမ်းညွှန်ချက်များဖြစ်သည့် စိုက်ပျိုးရေး၊ ရေရရှိရေး၊ မွေးမြူရေး၊ ဆီဖူလုံမှုရှိစေရေး၊ ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးကိစ္စရပ်များ၊ ပညာရေးဆိုင်ရာများ၊ သာသနာရေးဆိုင်ရာများ၊ လျှပ်စစ်မီးများ ချွေတာသုံးစွဲရေး၊ ရေအရင်းအမြစ် သံယံဇာတများကို ထိန်းသိမ်းနိုင်စေရေး၊ တောင်ယာခုတ်ခြင်းများကို ဆောင်ရွက်ခြင်းမပြုကြစေရေး၊ ပန်းခင်းစီမံချက်ဆိုင်ရာကိစ္စရပ်များ၊ နိုင်(၄)ဖြည့်သွင်းမှု ဆိုင်ရာကိစ္စရပ်များကို အကျယ်တဝင့် ထပ်ဆင့်ရှင်းလင်း မှာကြားခဲ့သည်။
ဆက်လက်၍ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတင်နိုင်မိုးက လုံခြုံရေးဆိုင်ရာများနှင့် မြို့နယ်လုံးကျွတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကိစ္စရပ်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဌာနဆိုင်ရာများ၏ ကဏ္ဍအလိုက် တင်ပြချက်များ၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား
ပြောကြားခဲ့သည်။
အဆိုပါ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲတွင် ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)