အင်္ဂလိပ်စာနှင့် နိုင်ငံခြားရေးရာကျွမ်းကျွင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၉

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် ပထမအကြိမ်အဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ဌာနခွဲစာရေးများအတွက် အင်္ဂလိပ်စာနှင့် နိုင်ငံခြားရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားအား နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ ယမန်နေ့နေ့လယ်၃နာရီ အချိန်တွင် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးကျော်မျိုးထွဋ်မှ တက်ရောက်၍သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာကြီး/ ဆရာမကြီးများနှင့် သင်တန်းသား/ သင်တန်းသူ(၃၂)ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၁၆-၅-၂၀၂၂ရက်နေ့မှ ၂၄-၆-၂၀၂၂ရက်နေ့အထိလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)တွင် ၂၇-၆-၂၀၂၂ ရက် နေ့မှ ၈-၇-၂၀၂၂ရက်နေ့အထိလည်းကောင်း စုစုပေါင်း ရက်သတ္တပတ်(၈) ပတ်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး၊ ဌာနခွဲစာရေးများအား သံရုံးများသို့ ပထမဆုံးအကြိမ် သွားရောက်တာဝန်ထမ်းဆောင်သည့်အခါ သိရှိရန်လိုအပ်သည့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ နိုင်ငံခြားရေးရာကိစ္စရပ်များနှင့် သံတမန်ရေးရာကိစ္စရပ်များအပြင် အထွေထွေဗဟုသုတရပ်များကို သိရှိနားလည်နိုင်စေရန်နှင့် အင်္ဂလိပ်စာ အရည်အသွေး ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)