ဟိုပန် ဇူလိုင် ၉
ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နိုင်ငံတော်၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည့် အာဇာနည်နေ့အား အစဉ်ထာဝရ အမှတ်ရစေရန်၊ ကျောင်းသား၊ ကျောင်းသူများအား အာဇာနည် စိတ်ဓာတ်များ ကိန်းအောင်းကြစေရန်နှင့် တိုင်းပြည်ကိုချစ်မြတ်နိုးပြီး နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် သားကောင်းသမီးကောင်းများဖြစ်လာကြစေရန်တို့ကို ရည်ရွယ်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အမက(ရုံးကုန်း)ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ကျင်းပပြုလုပ်ရာတွင် ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်ချမ်းက ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိများနှင့် " အာဇာနည်နေ့ တို့မမေ့ " ဆိုသည့် ခေါင်းစဉ်ဖြင့် အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)