ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ့နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ လမ်းညွှန်မှာကြား

တောင်ကြီး ဇူလိုင် ၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ လမ်းညွှန်မှာကြားခြင်းကို ယမန်နေ့ နံနက်(၉)နာရီကတောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားမှုပြုခဲ့သည့် အချက်များကို မိမိအနေဖြင့် ပြန်လည်ညွှန်ကြားသွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို ကြိုတင်ကာကွယ် ထိန်းချုပ်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တပ်မတော်တို့မှ ပူးပေါင်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အခြေခံပညာရေး၊ အဆင့်မြင့် ပညာရေးသာမက သိပ္ပံနည်းပညာကဏ္ဍများနှင့် ကျန်းမာရေးကဏ္ဍတွင်လည်း တိုးတက်ကောင်းမွန်လာရန် လိုအပ်ပါကြောင်း၊ ပညာရည်မြင့်မားရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ပညာရေးပိုင်းတွင် CDM ပြုလုပ်ရန် သွေးထိုးလှုံ့ဆော်မှုများ၊ CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများနှင့် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပညာသင်နှစ်များအတွင်း စာသင်ကျောင်းများ ဖွင့်လှစ်ရန် အခက်အခဲ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ယခုနှစ်ပညာသင်နှစ် ၂၀၂၂ခုနှစ် မေလ (၃၀) ရက်ထိ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၄,၉၀၀,၀၀၀) ကျော် ကျောင်းအပ်နှံမှုကို တွေ့ရပါကြောင်း၊ အဆင့်မြင့်ပညာရေး၊ စိုက်/မွေး၊ ဆည်/ကျန်းမာရေး၊ သမ၊ သိပ္ပံနည်းပညာနှင့် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သည့်သင်တန်းများတွင် ၂၀၂၁ခုနှစ်တွင် အခက်အခဲရှိခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသား၊ကျောင်းသူဦးရေ သိန်းနှင့်ချီပြီး ကျောင်းတက်လာသည်ကို တွေ့ရပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရန်နှင့် ပညာရပ်များကို အပြည့်အဝ သင်ကြားနိုင်ရန် အပြည့်အဝပံ့ပိုးပေးရန် လိုပါကြောင်း၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် လုပ်ဆောင်ရန်လိုပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မျိုးကောင်းရန်၊ မြေကောင်းရန်၊ ရေလုံလောက်စွာရရှိရန်၊ စိုက်ပျိုးနည်းစနစ် မှန်ကန်ရန်စသည့် အချက်များဖြင့် အထွက်နှုန်းတိုးတက်လာမည်ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် အလေးထား ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း ပြောကြားသည်။

စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် လယ်ယာမြေကို ထိခိုက်မခံနိုင်ကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး မွေးမြူရေးကို အဓိကထားပါကြောင်း၊ ဆီထွက်သီးနှံနှင့်ပတ်သက်၍ နေကြာကို စိုက်ပျိုးပေးရန် စိုက်ပျိုးရေးကို လမ်းညွှန်မှာကြားထားပါကြောင်း၊ သီးထပ်သီးညှပ်စိုက်ပျိုးပေးရန်၊ မွေးမြူရေးနှင့် ပတ်သက်၍ ကြက်၊ ဝက်၊ နွားများကို မွေးမြူပေးကြရန်နှင့် မွေးမြူရေးဌာနအဖြင့် တွန်းအားပေးရန် ပြောကြားလိုကြောင်း လျှပ်စစ်ကဏ္ဍတွင် လျှပ်စစ်စွမ်းအားနှင့်ပတ်သက်၍ လျှပ်စစ်ကဏ္ဍများကို ဖော်ထုတ်ပေးကြရန် သစ်တောကိစ္စတွင် ကလောမြို့ကို ထင်းရှုးမြို့တော်ဖြစ်ရေးအတွက် ဝိုင်းဝန်းကြိုးစား ပေးကြရန် တောင်ယာခုတ်သည့် ကိစ္စများတွင်လည်း တောင်ယာစနစ်မခုတ်နိုင်အောင်နှင့် နိုင်ငံတော်မှ ကုန်းမြင့်လယ်ယာစနစ် ဖော်ထုတ်ပေးနေကြောင်းနှင့် တောင်ယာစနစ် ပပျောက်အောင် ဆောင်ရွက်ပေး ကြရန်၊  ရေအရင်းအမြစ်နှင့်ပတ်သက်၍ မြေအောက်ရေ မခန်းခြောက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးကြရန်၊ ကုန်သွယ်မှုနှင့်ပတ်သက်၍ ပြောင်းကို ပိုမိုစိုက်ပျိုး ဆောင်ရွက်ပေးကြရန်၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ အန္တရာယ်မဖြစ်ရေးနှင့် ပျော်ရွှင်စွာ ကျောင်းတက်နိုင်ရေးအတွက်နှင့် အခြေခံကျောင်းများလည်း လုံခြုံရေးကိစ္စရပ်များကို အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် ၊ကုန်ထုတ်စွမ်းအားမြင့် စေရန် သက်ဆိုင်ရာမြို့နယ်ဌာနအသီးသီးမှ ပူးပေါင်းဆောင်ရွက်ပေးရန် အားကစားကဏ္ဍတွင်လည်း တိုးတက်မြင့်မားရေးအတွက် သက်ဆိုင်ရာခရိုင်မြို့နယ်များမှ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးမှသာ ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ လာတော့မည်ဖြစ်၍ မြို့နယ်ခရိုင်အဆင့်များမှ စတင်ယှဉ်ပြိုင်ပြီး ပြည်နယ် အဆင့်သည် နောက်ဆုံးမှသာ ပြိုင်ပွဲစမည်ဖြစ် သောကြောင့် ရွက်ပုန်းသီး ပညာရှင်များ ထွက်ရှိအောင် ခရိုင်၊ မြို့နယ်၊ များမှ ပူးပေါင်းကြိုးစားပေးကြရန်၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မှာကြားချက်တွင် ဆီထွက်သီးနှံများကို သီးထပ်သီးညှပ်စိုက်ပျိုးပေးရန်နှင့် နေကြာသီးနှံကို ပိုမိုစိုက်ပျိုးပေးရန် မှာကြားလိုကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍ ပိုမိုတင်းကြပ်ပေးရန်နှင့် အမှုကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံးပြီးပြတ်အောင် ဥပဒေအရာရှိများ၊ ရဲတပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးနှင့်ပတ်သက်၍ ဆေးများ အလေအလွင့် မဖြစ်ရအောင် သက်ဆိုင်ရာ ခရိုင်မြို့နယ်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နိုင်အောင် ဆောင်ရွက်ပေးကြရန်၊ နိုင်-(၄)နှင့် ပတ်သက်၍ လိုအပ်သည်များကို မှာကြားလိုကြောင်း၊ လုံခြုံရေးပိုင်းတွင် ပေါ့ဆလို့မရကြောင်း၊ စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဆီထွက်သီးနှံသည် အဓိကဖြစ်ပြီး မွေးမြူ​ရေးကဏ္ဍသည် ကောင်ရေတိုးနှုန်းနှင့် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် မပြုကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် ချွေတာသုံးစွဲရန် မဖြစ်မနေ အသုံးပြုရမည်ဆိုပါက ဆိုလာမီးဖြင့် အသုံးပြုရန်၊ ကိုဗစ် - ၁၉ ကာကွယ်ဆေးနှင့် ပတ်သက်၍ (၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆေးထိုးရန်အတွက် ခရိုင်မြို့နယ် သက်ဆိုင်ရာ ဌာနများက ဆောင်ရွက် ပေးရန် မှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းမှ နိုင်ငံတော်အကြီးအကဲ လမ်းညွှန် ချက်များနှင့် မကြာမီကျင်းပမည့် အဆို၊ အက၊ အရေး၊ အတီးကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုမှ လုံခြုံရေးနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ငွေစာရင်းဘတ်ဂျက် ကိစ္စရပ်များ ဆွေးနွေးခြင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံ တိုင်းရင်းသား သဘောထားမှတ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)