ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ကျောက်ဖြူမြို့နယ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေ  ဇူလိုင် 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ နဂါးကျောင်းပရိယတ္တိစာသင်တိုက်၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် ကျောက်ဖြူမြို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက် ကြသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်၊ တိုင်မှူးနှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ နဂါးကျောင်းပရိယတ္တိစာသင်တိုက်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်ပွဲသို့ တက်ရောက်ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ကျောက်ဖြူမြို့၊ နဂါးကျောင်းပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တစက္ကန္ဒာဘိဝံသမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။ ဆက်က်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်၊သံဃာတော်များအား သင်္ကန်း၊ ဆန်၊ ဆီ၊ ဆေးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် (ငြိမ်း) ကျောက်ဖြူမြို့၊ ယပ်လှဲကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစက္ကိန္ဒ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာရှိ VPower ကုမ္ပဏီမှ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုကြရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလှိုင်းသို့ ထည့်သွင်းပြီး ဓာတ်အားဖြန့်ဖြူးပေး နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လျှပ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းခွင် ထိန်းချုပ်ရေးခန်းနှင့် ဓာတ်အားပေးစက်များမောင်းနှင်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် PowerChina ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းသို့ သွားရောက်ပြီး ရှင်းလင်းဆောင်၌ ကုမ္ပဏီမှတာဝန်ရှိသူများက စီမံကိန်း လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် ပြီးစီးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ အမြန်ပြီးစီးရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံစီမံကိန်း လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းသည် စက်တတ်ဆင်အင်အား ၁၃၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင် မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ မေလထက်စောလျင်စွာ ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ ရေငန်ပုစွန်သားဖောက်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသက်ဦးက ရေငန်ပုစွန်သားဖောက်လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် ပုစွန်သား ဖောက်စခန်း၌ ရေချိုငါးသားဖောက်များ သားဖောက်ခြင်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။

တင်ထွန်း၊ ဖြိုးဝေလင်း(ပြန်/ဆက်)