သိန္နီ ဇူလိုင် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သူနှင့် ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှ စ၍ သိန္နီမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီးသော ကျောင်းသား၊ ကျောင်းသူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သိန္နီမြို့နယ်အတွင်း နေထိုင်လျက်ရှိသော အိမ်ထောင်စု လူဦးရေစာရင်းရှိသည့် မိသားစုဝင်များ၊ မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ၊ ပတ်စ်ပို့ဓါတ်ပုံ သွေးစစ်လက်မှတ်နှင့် ကျောင်းထောက်ခံချက် ပြည့်စုံစွာပါရှိသူများကို စီစစ်၍ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သူ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်လင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးတို့ က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ သိန္နီမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းအင်အား (၁၂)ဦးက ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ (၈၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သူထံမှ သိရသည်။
စောဥမ္မာ(သိန္နီ)