ကျောက်ပန်းတောင်း ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အခြေခံပညာကျောင်းများတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲများကို၊ ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းအသီးသီးရှိ တန်းစီကွင်းများတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
တိုင်းပြည်လွတ်လပ်ရေးရအောင် စွမ်းဆောင်ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အမြဲသိရှိ သတိရနေစေရန်နှင့် နိုင်ငံခေါင်းဆောင်ကြီးများ အသက်နှင့်ရင်း၍ ရယူပေးခဲ့သည့် လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာကို တန်ဖိုးထား၊ လေးစား၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် အသိတရားများ ကိမ်းဝပ်လာစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲများကို ကျောင်းအလိုက်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားထားကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က ပြောပါသည်။ အဆိုပါ (၇၅)နှစ်မြောက် အာဇာနည်နေ့ အကြိုဟောပြောပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာ ကျောင်းအလိုက် ကျောင်းအုပ် ဆရာကြီး/ဆရာမ ကြီးများ(သို့မဟုတ်) ဘာသာရပ်သင် ဆရာ/ဆရာမများက ဟောပြောခဲ့ကြခြင်း ဖြစ်ကြောင်းသိရပြီး၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးခဲ့ကြသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ အထ္ထုပ္ပတ္တိများနှင့် တိုင်းပြည်လွတ်လပ်ရေး ရရှိအောင်ဆောင်ရွက်ခဲ့ကြပုံ၊ မသမာသူများ၏ လုပ်ကြံသတ်ဖြတ်မှု ကြောင့် အတွင်းဝန်များရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် ကျဆုံးခဲ့ကြပုံများကို ဟောပြောခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)