ဥတ္တရသီရိ ဇူလိုင် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ မိုးစပါး (ဆင်းသုခ)ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက တောင်ညိုကျေးရွာ အုပ်စု၊ မရမ်းခုံကျေးရွာရှိ တောင်သူဦးမြင့်သိန်း၏ လယ်မြေ (၁၀)ဧကတွင် ကောက်စိုက်စက်ဖြင့် တောင်သူပညာပေးသရုပ်ပြ ဆောင်ရွက်ခဲ့သည်။
အဆိုပါ သရုပ်ပြပွဲတွင်နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ရေရှည်တည်တံ့သော လယ်ယာထုတ်ကုန်စနစ်တစ်ခု ဖြစ်ပေါ်နိုင်ရေးအတွက် တောင်သူများအနေဖြင့် စက်ကိရိယာအသုံးပြုပြီး ထွန်ယက်စိုက်ပျိုးခြင်းဖြင့် အချိန်ကုန်၊ ငွေကုန် သက်သာသည့်အပြင် အချိန်မီစိုက်ပျိုးနိုင်ပြီး ဒုတိယသီးနှံ၊ တတိယသီးနှံများကို စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ယခုလိုစပါးသီးနှံကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်သလို ပြောင်း၊ နှမ်း၊ နေကြာ စသည့်သီးနှံများကိုလည်း ယင်းစက်ကိရိယာအသုံးပြု၍ အသုံးပြု၍စိုက်ပျိုးနိုင်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကရဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးမင်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထိန်လင်းဟန်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမျိုးနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက မိုးစပါး (ဆင်းသုခ) ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြခြင်းကို ကြည့်ရှုအားပေးခဲ့ကာ ဒေသခံတောင်သူများ မြေသြဇာကုန်ကျစရိတ် သက်သာစေရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ EM-ဘိုကာရှိ မြေဆွေးပြုလုပ်ပုံအဆင့်ဆင့် တို့ကိုတာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ကျော်စွာဟိန်း(ခရိုင်ပြန်/ဆက်)