မိုင်းခုတ် ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီခွဲက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ဝန်ထမ်းအိမ်ယာသစ်တက်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များအား အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဖောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စေတနာရှင်၊ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းက ဩကာသကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ပြီး တပ်ဉီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာ၀ရထံမှ ငါးပါးသီလခံယူဆောက်တည်သည်။
ဆက်လက်၍ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီး ဆရာမကြီး ဒေါ်နန်းခမ်းဖောင်နှင့် ဆရာ၊ ဆရာမများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရက ''ပုဂ္ဂိုလ်လေးဦး''တရားတော် မွတ်ကြားချီးမြှင့်တော်မူသည်။ ထို့နောက် စေတနာရှင်၊ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းက ဆရာတော်ထံမှ ရေစက်ချ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး သံဃာတော် အရှင်သူမြတ်များအား ဆွမ်းနှင့်အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)