မန္တလေး၊ စက်တင်ဘာလ ၉
မန္တလေးမြို့အဆင့်မြင့်ဈေးချိုတော်အား မီးအာမခံနှင့်မြေငလျင်အကာအကွယ် အာမခံထားငွေ၏ ပထမနှစ်အတွက် ပရီမီယံကြေး ကျပ်သိန်းသုံးရာကို စက်တင်ဘာပထမပတ်တွင် ပေးသွင်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှသိရသည်။
အဆိုပါအဆင့်မြင့်ဈေးချိုတော်ကြီးအား မြန်မာ့အာမခံလုပ်ငန်းတွင် မီးအာမခံနှင့် မြေငလျင်အကာအကွယ်အာမခံကြေးငွေကျပ်သိန်းပေါင်း လေးသောင်းငါးထောင်လေးရာငါးဆယ့်လေးသိန်းဖြင့် အာမခံထားသွားမည်ဖြစ်ပြီး မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်တို့ဖြစ်ကာ ပထမနှစ်အတွက် ပရီမီယံကြေးအားပေးသွင်းခြင်း ဖြစ်သည်။
"အဆင့်မြင့်ဈေးချိုတော်ကြီးကို မီးအာမခံနှင့်မြေငလျင်အကာအကွယ်ထားရှိခြင်းဟာ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီပိုင် ဈေးများတွေထဲမှာ ပထမဆုံးဈေးလို့ ပြောလို့ရပါတယ်၊ မြေညီထပ်၊ ပထမထပ်နဲ့ ဒုတိယထပ်တို့ကို အာမခံထားတာ၊ မီးအာမခံနဲ့ ငလျင်အကာအကွယ်ကိုယူမှာပါ၊ အာမခံထားငွေက ကျပ်သိန်းပေါင်းလေးသောင်းငါးထောင် လေးရာငါးဆယ့် လေးသိန်းနဲ့ပါ၊ သွင်းရမယ့် ပရီမီယံကြေးက ကျပ်သိန်းသုံးရာပါ၊ ပရီမီယံကြေးစသွင်းတာနဲ့ တပြိုင်နက်သက်တမ်းစပြီး အကျုံးဝင်သွားမှာပါ၊ တစ်နှစ်သက်တမ်းပြည့်တဲ့နေ့ ညသန်းခေါင် ၁၂ နာရီအထိ အကာအကွယ်ရမှာပါ၊ အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံခြင်းမရှိခဲ့ရင် နောက်နှစ်တွင် ကျသင့်ပရီမီယံကြေးပေါ်မှ ၂၅ ရာခိုင်နှုန်းလျော့၍ပေးသွင်းရမှာဖြစ်ပါတယ်”ဟု မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းဦးစီးမှူး ဒေါ်ချိုချိုခင်က ပြောသည်။
မီးအာမခံနှင့် မြေငလျင်အကာအကွယ်ထားရာတွင် အလွှာလိုက်တစ်ထပ်ချင်းစီ ကျသင့်သောပရီမီယံကြေများ ပေးသွင်းခြင်းကို မြေညီထပ်အတွက် ငွေကျပ်တစ်ရာသုံးဆယ့်နှစ်သိန်းကို စက်တင်ဘာ ၉ ရက်တွင်လည်းကောင်း၊ ပထမထပ်အတွက် ကျပ်သိန်းတစ်ရာရှစ်သောင်းကို စက်တင်ဘာ ၁၀ ရက်တွင်လည်းကောင်း၊ ဒုတိယထပ်အတွက် ကျပ်ခြောက်ဆယ့်ခုနစ်သိန်းနှစ်သောင်းကို စက်တင်ဘာ ၁၁ ရက်တွင်လည်းကောင်း မြန်မာ့အာမခံလုပ်ငန်းသို့ ပေးသွင်းသွားမည်ဖြစ် သည်။
" အာမခံထားရှိဖို့ ဈေးသူဈေးသားတွေက ဆန္ဒရှိတယ်၊ တင်ပြလာတယ်တဲ့အတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံတစ်နံတစ်လျားမှာ ဈေးကြီးတွေ မီးသင့်လောင်မှုတွေ မကြာခဏကြုံတွေ့ရတယ်၊ ဈေးပြန် လည်ထူထောင်ရေးမှာ အချိန်ကာလတစ်ခုလင့်ကြာပြီး အခက်အခဲတွေ့ရတာမျိုးတွေရှိတယ်၊ ဒါမျိုးတွေမဖြစ်ရအောင် ဈေးကြီးကို တစ်စုံတစ်ရာထိခိုက်ခဲ့မိသည်ရှိသော် ပြန်လည်ထူထောင်ရေးမှာ အာမခံထားရှိထားတဲ့ ပရီမီယံကြေးနဲ့ ဈေးပြန်လည် ထူထောင်ရေးမှာ ရန်ပုံငွေတစ်ရပ်အဖြစ်အသုံးချသွားမှာပါ၊ ”ဟုအဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့မှ အတွင်းရေးမှူး ဦးမျိုးမင်းထွန်းက ပြောသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် အဆင့်မြင့်ဈေးချိုတော်ကြီးကို ဈေးသူ၊ ဈေးသားများ၏ဆန္ဒနှင့်အညီ မြန်မာ့အာမခံလုပ်ငန်း၌ မီးအာမခံနှင့်မြေငလျင်အကာအကွယ်အာမခံထားရှိခြင်းသည် မန္တလေးတိုင်းဒေသကြီးတွင် ပထမဆုံးဈေးဖြစ်သည်ဟု ပြော၍ရကြောင်း၊ ယခုလိုအာမခံထားရှိခြင်းဖြင့် ဈေးသူဈေးသားများအတွက် ပိုင်ဆိုင်မှုခိုင်မာအောင် အာမခံထားရခြင်းဖြစ်ပြီး များစွာအကျိုးကျေးဇူးရှိကြောင်း၊ ကနဦးသွင်းရမည့် ပရီမီယံကြေးငွေများကို ဈေးသူဈေးသားများ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဈေးအကျိုးတော်ဆောင်အဖွဲ့ရန်ပုံငွေမှ စိုက်ထုတ်ပေးသွင်းခြင်းဖြစ်ပြီး ဈေးဆိုင်ခန်းရှင်များထံက လစဉ်ပြန်ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆက်လက်ပြောသည်။
မန္တလေးမြို့အဆင့်မြင့်ဈေးချိုတော်အား မီးအာမခံနှင့်မြေငလျင်အကာအကွယ်အာမခံကို မြန်မာ့အာမခံလုပ်ငန်းတွင်အာမခံကြေးငွေကျပ် ကျပ်သိန်းပေါင်း လေးသောင်းငါးထောင်လေးရာငါးဆယ့်လေးသိန်းဖြင့် အာမခံထားရှိသွားမည်ဖြစ်ပြီး ပထမနှစ်အတွက်ပေးသွင်းရမည့် ပရီမီယံကြေး ငွေကျပ်သိန်းသုံးရာကို ဈေးဆိုင်ပိုင်ရှင်များဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် အလွှာအလိုက် လစဉ်ကောက်ခံပေးသွားမည်ဖြစ်ရာ မြေညီထပ်ဆိုင်ခန်းတစ်ခန်းလျှင် ၁၅၀၀ ကျပ်၊ ပထမထပ်ဆိုင်ခန်း တစ်ခန်းလျှင်၁၂၀၀ ကျပ်နှင့် ဒုတိယထပ်ဆိုင်ခန်းတစ်ခန်းလျှင် ၈၀၀ ကျပ်နှုန်းတို့ဖြင့် ကောက်ခံသွားမည် ဖြစ်သည်။
ထိပ်ထားနိုင်