မောက်မယ်မြို့နယ် အ.ထ.က၌ ဝါဆိုသင်္ကန်းနှင့်အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

မောက်မယ် ဇူလိုင် ၈

ရှမ်းပြည်နယ်( တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများတို့က ဝါဆိုသင်္ကန်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၅နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းရှိ ဘုရားခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူပွဲသို့ မြို့နယ်သံဃာ့နာယက ဆရာတော်(၃)ပါးအား ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းခမ်းအောင်နှင့် ဆရာ/ဆရာမများ၊ မိဘဆရာအသင်းနှင့် ကျောင်းအကျိုး တော်ဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတို့က အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကာ နမောတဿသုံးကြိမ်ရိတ်ဆိုပူဇော်၍ ငါးပါးသီလခံယူတည်ဆောက်ကြပြီး မြို့နယ် သံဃာ့နာယက အကျိုးတော်ဆောင်ဆရာတော်က ဝါဆိုသင်္ကန်းကပ်လှူရခြင်း၏ အကျိုးကျေးဇူးများ၊ ဝါဆိုသင်္ကန်း ကပ်လှူရခြင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့သော တရားများ၊ ဝါတွင်းကာလ အတွင်းဥပုသ်သီလစောင့်တည်ပြီး တရားဘာဝနာ ပွားများအား ထုတ်ခြင်းများကို ဟောကြားတော်မူခဲ့သည်။ ထို့နောက် ဆရာတော်များက ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ပြီးနောက် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)