ဝိုင်းမော်မြို့နယ်၌ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

ဝိုင်းမော် ဇူလိုင် ၈

ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြစ်ကြီးနားမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ကြီးမှူး၍ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ဝိုင်းမော်မြို့နယ်၊ လဝမ်ကထောင်ကျေးရွာ၊ ဂါလိလဲအိုင် လူငယ်ပြုစုပျိုးထောင်ရေးလူမှုအသင်းရုံးရှိ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး မြစ်ကြီးနားမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ပြန်လည်ထူထောင်ရေးစခန်းမန်နေဂျာ ဦးမုန်လင်းဂမ်က သင်တန်းသားများအား သင်တန်းမှ သင်ကြားပေးထားသော အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် အသုံးချ၍ မိမိဘဝ ဖွံ့ဖြိုးတိုးတက်အောင်‌​ဆောင်ရွက်သွားကြရန် မှာကြားပြီး သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်းနှင့် ဂါလိလဲအိုင် လူငယ်ပြုစုပျိုးထောင်ရေး လူမူအသင်းနာယက‌​ ဒေါ်ရွယ်ဂျီးအား မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းအား မေ ၃၀ ရက်မှ စတင်သင်ကြား‌ပေးခဲ့ကြောင်းနှင့် သင်တန်းကာလအတွင်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာကုစားနည်း၊ အသက်မွေးဝမ်းကြောင်း ပညာရပ်များအဖြစ် ဆိုင်ကယ် ပြုပြင်နည်း၊ သံဂဟေဆက်နည်း ဘာသာရပ်၊ ဆပ်ပြာပြုလုပ်နည်းအမျိုးမျိုး ဘာသာရပ်များကို ပြန်လည်ထူထောင်ရေးစခန်းမှ နည်းပြများက သင်တန်းသား (၃၀) ဦးတို့အား စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်နယ်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ ဝိုင်းမော် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။

ဖြူစင်