ဝိုင်းမော် ဇူလိုင် ၈
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ယနေ့ ည (၁၂) နာရီခန့်က မိုးနှင့် လေပြင်းများ တိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးသွားသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့ နံနက် ၇ နာရီက ဝိုင်းမော်-မြစ်ကြီးနားသို့ သွားသည့်ကားလမ်းအပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဝိုင်းမော်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမျိုးဇော်သန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘူးဂါးကုမ္ပဏီလီမိတက် လျှပ်စစ်ဓာတ်အား ပေးလုပ်ငန်းမှ တာဝန်ရှိ သူများ အပါအဝင် စုစုပေါင်း အင်အား ၁၀ ဦးတို့ဖြင့် ဝိုင်းမော်- မြစ်ကြီးနား သွားကားလမ်းတစ်လျှောက် ပြိုလဲ ပျက်စီးသွားသည့် သစ်ပင်၊ သစ်ကိုင်းများ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ ထိခိုက်သွားသော နေအိမ်များအား ဝိုင်းဝန်း စုပေါင်းရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်သွားသော ဓာတ်ကြိုးများမှ ပြည်သူများ ထိခိုက်မှု မရှိစေ ရေးနှင့် ပြန်လည်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ခုတ်ထွင်ရှင်းလင်းပြီးသော သစ်ပင် သစ်ကိုင်း များအား ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်များ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း၊ ဝိုင်းမော် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်သန်းထံမှ သတင်းရရှိသည်။
ဖြူစင်