နေပြည်တော် ဇူလိုင် ၈
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသည့် အားကစားသမားများအား နေပြည်တော်ကောင်စီမှ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ နိုင်ငံ့ကိုယ်စားပြုပြိုင်ပွဲဝင်များ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဗိုဗီနမ်(၄) ယောက်တွဲ အပြပြိုင်ပွဲ အားကစားနည်းတွင် ရွှေတံဆိပ်ဆု၊ ပြေးခုန်ပစ်အားကစားနည်းတွင် ငွေတံဆိပ်ဆုရရှိခဲ့ကြသည့် အားကစားသမားများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲ များတွင် ဆုများအသီးသီးရရှိခဲ့ကြသည့် နေပြည်တော်ကိုယ်စားပြု အားကစားသမားများကို နေပြည်တော်ကောင်စီမှ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ မိမိနိုင်ငံအတွက် ကြိုးစားခဲ့ကြသည့် အားကစားသမားများအားလုံးကို နေပြည်တော်ကောင်စီမှ အသိမှတ်ပြု ဂုဏ်ယူပါကြောင်း၊ ယခုအခါ နိုင်ငံတော်အနေဖြင့် အားကစားသမားများ၏ ဘဝနောင်ရေးအတွက် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အသက်(၆၀)နှစ်အထက် အားကစားသမားများကို လစဉ်ထောက်ပံ့ချီးမြှင့်ငွေ ပေးအပ် လျက်ရှိတာကိုလည်း တွေ့ရှိရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးမှာ စာပေ၊ ယဉ်ကျေးမှု၊ အားကစားဆိုတာ မရှိမဖြစ်ပါဝင်နေသည့် ကဏ္ဍကြီး(၃)ခု ဖြစ်ပါကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှ အားကစားအဆင့်အတန်း တိုးတက်ကောင်းမွန်လာမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၌ ဗိုဗီနမ်(၄)ယောက်တွဲ အပြပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ဆုရရှိခဲ့သည့် မောင်ဇင်လင်းထွန်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ပြေးခုန်ပစ်မီတာ(၁၀၀၀၀) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရရှိခဲ့သည့် မခင်မာဆယ်အား ဂုဏ်ပြုချီးမြှင့် ငွေကျပ်(၃)သိန်းနှင့် ဂုဏ်ပြုမှတ် တမ်းလွှာကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ပေးအပ်သည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများတွင် အလေးမပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီး ရိုးရာခြင်းလုံးပြိုင်ပွဲများ၌ ဆုများရရှိကြသည့် နေပြည်တော်ကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် အားကစားသမားများကိုယ်စား ဗိုဗီနမ်(၄)ယောက်တွဲ အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် မောင်ဇင်လင်းထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် အားကစားသမားများက တိုက်ကွမ်ဒို အားကစားနည်းဖြင့်လည်းကောင်း၊ Physical Fitness Dance သရုပ်ဖော်အကများဖြင့်လည်းကောင်း သရုပ်ပြသဖျော်ဖြေကြရာ နေပြည်တော် ကောင်စီအဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အားကစားသမာများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)