သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပွဲတက်လက်ကိုင်အိတ် ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

သုံးခွ ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး‌၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပွဲတက်လက်ကိုင်အိတ် ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ပွဲတက်လက်ကိုင်အိတ်သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြင့် အမျိုးသမီးများအနေနဲ့ မိမိ၀တ်စုံနှင့်ဆင်တူ လက်ကိုင်အိတ်ကို ငွေအကုန်အကျ သက်သာစွာပြုလုပ်ပြီး ဖက်ရှင်ကျကျလှပစေရန်အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားပြီးနောက် သင်တန်းနည်းပြဆရာမ ဒေါ်လှိုင်သူဇာမှ လက်ကိုင်အိတ်ပြုလုပ်ပုံ အဆင့်ဆင့်ကို သင်ကြားပေးရာတွင် ငွေကုန်အချိန်ကုန် သက်သာစွာပြုလုပ်နိုင်ရန်အတွက် ဝှိုက်ကတ်၊ ကော်၊ ပိတ်စ၊ သံလိုက်ကြယ်သီးတို့ဖြင့်သာ လက်ကိုင်အိတ်တစ်လုံး ပြုလုပ်ပြသသွားမှာဖြစ်ပါကြောင်း၊ ပထမဦးစွာ ပိတ်စအကြီးအသေးပေါ်မူတည်ပြီး ဝှိုက်ကတ်ကို ညှပ်ရမှာဖြစ်ပါကြောင်း၊ ဝှိုက်ကတ်ကိုညှပ်ရာတွင် တစ်ခုကကြီးပြီး တစ်ခုကအနည်းငယ်သေး၍ ညှပ်ရမှာဖြစ်ပြီး နှစ်ခုကပ်တဲ့အခါမှာ တူညီမှာဖြစ်ပါကြောင်း၊ လက်ကိုင်၏ ဘေးနှစ်ဖက်အတွက် နှစ်နားညီတြိဂံပုံနှစ်ခု ညှပ်ရမှာဖြစ်ကြောင်း၊ ညှပ်ပြီးသားဝှိုက်ကတ်များဖြင့် တိုင်းတာ၍ ပိတ်စကိုညှပ်ရမှာဖြစ်ပြီး ပိတ်စနှင့် ဝှိုက်ကတ်ကို ကော်နှင့်ကပ်ရမှာဖြစ်ကြောင်း လက်ကိုင်အိတ်ဘေးနှစ်ဘက်ကို ဝှိုက်ကတ်နှင့်ကပ်ပြီးသား တြိဂံပုံနှစ်ခုကို ပိတ်စအတိုမှာ ကပ်ပြီးပါက လက်ကိုင်အိတ်တစ်လုံး ပြီးဆုံးမှာဖြစ်ပြီး ပိုမိုပြီးပြည့်စုံရန်အတွက် လက်ကိုင်အိတ်၏အဖုံးတွင် သံလိုက်ကြယ်သီးကို တပ်ပြီးလျှင်ပွဲတက်လက် ကိုင်အိတ်တစ်လုံးရရှိမှာ ဖြစ်ပါကြောင်းပထမနေ့ သင်တန်းတွင် လက်တွေ့သင်ကြားပြသပေးခဲ့သည်။

ဆက်လက်၍ ဒုတိယနေ့ သင်တန်းတွင် သင်တန်းဆရာမမှ ပထမနေ့တွင် သင်ကြားပြသခဲ့သည်များကို ပြန်လည်ရှင်းလင်း ပြသပေးခဲ့ပြီးနောက်   သင်တန်းသူများမှ လက်တွေ့ပြုလုပ်ကြကာ လိုအပ်သည်များကို လိုက်လံရှင်းလင်း ပြသပေးခဲ့ကြောင်း သိရသည်။

အမျိုးသမီးများပွဲတက် လက်ကိုင်အိတ်ပြုလုပ်နည်းသင်တန်းကို မြို့နယ်ရုံး Community Centre ခန်းမတွင် ဇူလိုင်လ (၇)ရက်နေ့မှ (၈)ရက်နေ့ အထိ ၂ ရက်ကြာ သင်ကြား ပြသပေးမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်