တာမွေ ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ခြင်ကျားနှိမ်နင်းရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများ နှင့်အတူ အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လာကြ စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး “သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ ခြင်လောက်လန်းနှိမ်နင်းပေး” ဆိုသည့် ခြင်ကျားနှိမ်နင်းရေး အသိပညာပေးပိုစတာများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသိပညာပေး ကပ်ထားကြေညာခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးပိုစတာတွင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ မဖြစ်ပေါ်စေရေးအတွက် ခြင်ကျားနှိမ်နင်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို အသေးစိတ်စုံလင်စွာ ဖော်ပြထားကြောင်းနှင့် ယခုနှစ်အတွင်း တာမွေမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ် ရေးနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
နိုင်လင်းအောင်(တာမွေ)