မလှိုင် ဇူလိုင် ၈
မလှိုင်မြို့နယ်၌ Exim Bank ချေးငွေနှင့် Daedong လယ်ယာသုံးစက်ကိရိယာဘိုး ကာလွန်ကြွေးကျန်များ အပြေအကြေကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်သမဝါယမ အသင်းစုရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်က ပြည်သူများအား အဆင်ပြေစေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်သွယ်၍ Exim Bank ချေးငွေများကို ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်ချေးငွေဖြစ်သည့်အတွက် ချေးငွေများအား ပြန်လည်ပေးဆပ်ရမည် ဖြစ် ကြောင်း၊ ချေးငွေများကို သတ်မှတ်ကာလအတွင်း အပြေအကြေ ပေးဆပ်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးလှိုင်မိုးက သမဝါယမလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ပြီး မြို့နယ်သမဝါယမ ဦးစီး အရာရှိ ဦးဇော်လင်းကိုနှင့် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးကျော်ခွေးတို့က Exim Bank ချေးငွေနှင့် Daedong လယ်ယာသုံးစက်ကိရိယာဘိုးကာလွန်ကြွေးကျန်များရှိသည့် အသင်းသားများအား သတ်မှတ်ကာလအတွင်း ပေးဆပ်သွားရန်နှင့် ကျော်လွန်ပါကဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ပြောကြားခဲ့သည်။
မလှိုင်မြို့နယ်တွင် သမဝါယမအသင်းပေါင်း(၂၅၀)သင်းရှိပြီး အသင်းသားများ၏ လူမူစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အသင်းစုမှ ချေးငွေများထုတ်ချေးပေးထားခြင်းဖြစ်ပြီး ချေးငွေထုတ် ချေးပေးထားသည့် အသင်းပေါင်း (၂၃၄)သင်းရှိကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)