မာန်အောင် ဇူလိုင် ၈
ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီး ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဣဿရိယ သက်တော် (၇၇)၊ ဝါတော်(၅၇)၏ ဥတုဇ ရုပ်ကလပ်တော်အား ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အောင်သပြေတောရ ပရိယတ္တိစာသင်တိုက်မှ ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီးသို့ ပြန်လည် ပင့်ဆောင်လာရာ ယနေ့ နံနက်၉ နာရီခွဲက မာန်အောင်မြို့ မြို့မဆိပ်ကမ်းသို့ ရောက်ရှိကြောင်း သိရသည်။
အဆိုပါ ဆရာတော်၏ ဥတုဇ ရုပ်ကလပ်တော်အား မြို့မဆိပ်ကမ်း၌ တပည့်သံဃာတော်များ၊ ဒကာ၊ ဒကာမများက ဝမ်းနည်းကြွေကွဲစွာ ကြိုဆို ပူဇော်ကြပြီး မြို့မကျောင်းသို့ ပင့်ဆောင်လာရာ လမ်းတစ်လျှောက်၌ ပြည်သူများက ဝမ်းနည်း ကြွေကွဲစွာ ဖူးမျှော် ပူဇော်ခဲ့ကြသည်။
ဆရာတော်၏ ဥတုဇ ရုပ်ကလပ်တော်အား မြို့မကျောင်းကြီးတွင် ပူဇော်ထားပြီး ဇူလိုင်လ၁၁ရက်နေ့ မွန်းလွဲ
၁နာရီတွင် မြို့မကျောင်းဝင်းအတွင်းရှိ ကုသိနာရုံ ဓမ္မာရုံအတွင်းသို့ ပြောင်းရွေ့ ပင့်ဆောင် ကြာကလပ်တင် ပူဇော် ခံထားမည်ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)