ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း နှာခေါင်းစည်း အကာအကွယ် Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြန့်ဝေပေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်ပိုပိုငြိမ်းဦးဆောင်၍ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ ဝင်များက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာတစ်ခုဖြစ်သည့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ စက်တပ် ရေယာဉ်(သမ္ဗန်ဆိပ်)အနီး ဆိုင်ကယ်ကယ်ရီဂိတ်တွင် ပြည်သူ များ လက်ဝယ်အရောက် နှာခေါင်းစည်းအကာအကွယ် Mask အခုရေ ၁၀၀၀၀ အား အခမဲ့ ဖြန့်ဝေပေးပြီး Mask မပါရှိသူများအား ချက်ချင်းတပ်စေခြင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား အသိပညာပေး ပြောကြားခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ရပ်ကွက် နှင့် လူဦးရေ သုံးသောင်းကျော် နေထိုင်လျက်ရှိရာ မြို့နယ် လူဦးရေ၏ ၉၀ရာခိုင်နှုန်းမှာ ရန်ကုန်မြို့တွင်းသို့သွားရောက် အလုပ်လုပ်ကိုင် နေရခြင်း ကြောင့် မိမိတို့မြို့နယ်အတွင်း ရောဂါ ကူးစက် ပျံ့နှံ့မှု မဖြစ်စေရေး အတွက် ယခုကဲ့သို့ ပြုလုပ် ပေးခြင်း ဖြစ်ကြောင်း မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့မှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)