မုဒုံမြို့၌ စိန်ရတု (၇၅)နှစ်မြောက် “အာဇာနည်နေ့” အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ကဗျာရေးစပ် သီကုံးပြိုင်ပွဲ ကျင်းပ

မုဒုံ ဇူလိုင် ၈

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် စိန်ရတု (၇၅)နှစ်မြောက် “အာဇာနည်နေ့” အထိမ်းအမှတ်ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့်  မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြန်မာနိုင်ငံ စာရေးဆရာအသင်းနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဟောပြောပွဲနှင့် ကဗျာရေးစပ် သီကုံးပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား၊ ကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားတန်ဖိုးထားတတ်စေရန်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိ အကြောင်းအရာများကို ဟောပြောခဲ့ပြီး စာဖတ်စွမ်းရည် မြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာကာ ထူးချွန်ထက်မြတ်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်အတွက် ကဗျာပြိုင်ပွဲကို ကျင်းပပြုလုပ် ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကဗျာပြိုင်ပွဲတွင် “ကိုးဦးခေါ်မည် နေ့ထူး အာဇာနည်” ခေါင်းစဉ်ဖြင့် မုဒုံမြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းမှ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၁၇)ဦးက ပါဝင် ယှဉ်ပြိုင်ကြပြီး ဇူလိုင်လ ၁၈ ရက်နေ့တွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)