ဆွမ်ပရာဘွမ် ဇူလိုင် ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၁- ၂၀၂၂ ပညာသင်ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီချိန်က မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို ပြည်မြန်မာတေးသီချင်းဖြင့် ကျောင်းသား ကျောင်းသူများက သီဆိုကာ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ကျောင်းသား ကျောင်းသူများက အခက်ခဲမျိုးစုံဖြင့် ရုန်းကန်ပညာသင်ယူကြပြီး အခက်အခဲကြားက ယခုလိုထူးချွန်စွာ အောင်မြင်နိုင်ခဲ့ကြကာ ထူးချွန်စွာ အောင်မြင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ဝမ်းမြောက်ဂုဏ်ယူရပါကြောင်းနှင့် ၂၀၂၁-၂၀၂၂ တက္ကသိုလ်စာမေးပွဲတွင် ကျရှုံးခဲ့သည့် ကျောင်းသား ကျောင်းသူများ စိတ်ဓာတ်မကျပဲ ဆက်လက်ပညာသင်ယူပြီး ထူးချွန်အောင်မြင်နိုင်ရန် ရည်မှန်းချက် ထားရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆွမ်ပရာဘွမ်မြို့ အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီး ဦးခိုင်မင်းအောင်က ယခုလို ကျောင်းသား ကျောင်းသူများ ထူးချွန်အောင်မြင်ရန်အတွက် ကူညီပံ့ပိုးပေးခဲ့ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီများ၊ မိဘ၊ ဆရာ/ဆရာမများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများဖြင့် တာဝန်ရှိသူအသီးသီးများက ဆုချီးမြှင့်ပေးကြပြီး ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူစုစုပေါင်း ၃၀ ဦးရှိသည့်အနက် ၁၁ ဦးအောင်မြင်ခဲ့ရာ ၃၆.၆၇ ရာခိုင်နှုန်း အောင်ချက်ရှိကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်အားပေးကာ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆိုကာ အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)