နောင်ချိုမြို့နယ် ပရဟိတအသင်းအဖွဲ့များနှင့်စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

နောင်ချို ဇူလိုင် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများအား ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပေးအပ်သောဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမှ၌ ကျင်းပခဲ့သည်။

အခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူလင်းက အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့မှု အပေါ်တွင် မြို့နယ်ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ပရဟိတလူမှုကူညီရေးအသင်းများ၏ အစဉ်လာကောင်းများအပေါ် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများအပါအဝင် မြို့နယ်၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ဆက်လက်ပူးပေါင်း ပါဝင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကိုဝင်းမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များနှင့် ပက်သက်၍ ဆွေးနွေးပြောကြားခဲ့ကာ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထွေးငယ်၊ပြန်/ဆက်