ဆီဆိုင် ဇူလိုင် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက အာဇာနည်နေ့ အကြောင်းသိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးယုက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဦးကြီးဒဲရယ်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို တမ်းတလွမ်းဆွတ် သတိရနေရုံနှင့်မပြီးဘဲ သူတို့ချမှတ်ခဲ့သည့် လမ်းစဉ်များ၊ ပြောကြားခဲ့သော ဩဝါဒများကို လိုက်နာဆောင်ရွက်မှသာ လေးစားတန်ဖိုးထားရာ ရောက်မည်ဖြစ်ပါကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ထမ်းဆောင်ခဲ့သည့်အတိုင်း တိုင်းပြည်အကျိုးသယ်ပိုးနိုင်သော အာဇာနည်လောင်းများဖြစ်အောင်ကြိုးစားကြရမည်ဖြစ်ကြောင်း၊ အာဇာနည်ကြီးများ အသက်၊ သွေး၊ ချွေးတို့ဖြင့်ရယူပေးခဲ့သော လွတ်လပ်ရေးကိုတန်ဖိုးထားပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်မှာ နိုင်ငံသားတိုင်း၏သမိုင်းပေးတာဝန်ပင်ဖြစ်ပါကြောင်း၊ အာဇာနည်ကြီးများမျှော်မှန်းထားသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တိုးတက်ငြိမ်းချမ်းသာယာစေရန် နိုင်ငံသားတိုင်းက ကျရာအခန်းကဏ္ဍမှ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်ပါဝင် ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ အာဇာနည်နေ့ကိုမမေ့ဘဲ အမြဲသတိရအောက်မေ့နေရမည်ဖြစ်ပါကြောင်း ကျယ်ကျယ်ဝင့်ဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)