ကျောက်ဆည် ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးများအသင်း(Women Club) တို့ပူးပေါင်း၍ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက ပန်းအလှဆင်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပန်းများအလှဆင်ရာတွင် အလှူပွဲ၊ မင်္ဂလာအခမ်းအနား၊ အစည်းအဝေးပွဲနှင့် ပျော်ပွဲရွှင်ပွဲများအလိုက် ပန်းများ၏အရောင်ကို ဦးစားပေးရွေးချယ်တတ်ရန်လိုကြောင်း၊ အလှဆင်ပန်းများရွေးချယ်ရာတွင် လက်ဆတ်သည့်ပန်းများ၊ ပွင့်ဖတ်/ပွင့်ချပ်မာသည့်ပန်းများ ရွေးချယ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးသီက ပန်းများအလှဆင်ရာတွင် မိမိတို့ပန်းအလှဆင်မည့် အောက်ခံဖော့တုံးအကြီးအသေး၊ အနိမ့်အမြင့်နှင့် ဖလား/ရေအိုးများအပေါ်မူတည်ပြီး ပန်းများရွေးချယ်ရမည်ဖြစ်ကြောင်း ရွေးချယ်ရာတွင် အလှတရားကို အပြည့်အဝခံစား၍ အရောင်အသွေးလိုက်ဖက်ရန် ရွေးချယ်ရမည်ဖြစ်ပြီး လိုအပ်ပါက သစ်ရွက်သစ်ခက်များနှင့် အတူတွဲ၍ အလှဆင်တတ်ရန်လိုကြောင်း ပန်းအလှဆင်နည်းအဆင့်ဆင့်ကို လက်တွေ့ပြသခဲ့ရာ သင်တန်းသို့ တက်ရောက်လာသည့် ကျောင်းသူများက ပူးပေါင်းပါဝင်၍ ပန်းအလှဆင်ခြင်းများ အတူတကွပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)