ပုဏ္ဏားကျွန်းမြို့နယ်၌ ၅ နှစ်မှ ၁၇ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်နှင့်ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ပုဏ္ဏားကျွန်း ဇူလိုင် ၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၇ နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ပညာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမတို့က ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများအား စာရင်းကောက်ယူကာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံခြင်းမပြုမည့် ကျန်းမာရေးစစ်​ဆေးမှုများအား ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ထိုးနှံပေးခဲ့သည်။

 

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားမိဘ၊ အုပ်ထိန်းသူတို့၏ ခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က အခြေခံပညာကျောင်း (၂၆)ကျောင်း၌ ပထမအကြိမ်အဖြစ် ကျောင်းသား/သူ ၂၆၁ ဦးနှင့်  ဒုတိယအကြိမ်အဖြစ် အခြေခံပညာကျောင်း(၄၃)ကျောင်းတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူ(၃၈၄၉)ဦးတို့ကို စနစ်တကျထိုးနှံပေးနိုင်ခဲ့ပြီး၊ ကျန်ရှိနေသည့် ကလေးငယ်တို့ကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)