စဉ့်ကူး ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြား နေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး ခြင်းကို ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမြင့်သိန်းဦးနှင့် မြို့နယ်ပညာရေးဌာနတို့က ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား/ကျောင်းသူ (၅၂၁)ဦးအား လည်းကောင်း၊ ယခုဒုတိယအကြိမ်တွင် ကျောင်းသား/ ကျောင်းသူ (၄၄၉၂) ဦးအားလည်းကောင်း၊ စုစုပေါင်းကျောင်းသား/ကျောင်းသူ (၅၀၁၃) ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျောင်းသား/ ကျောင်းသူများ ကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တင်ဇာလွင် (ပြန်/ဆက် )