မိတ္ထီလာ ဇူလိုင် ၈
မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာအုပ်စု တုံးအိုင်ကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ကျပ် ၆.၄၁၃ သန်းဖြင့် မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေး နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြေသားရေကန်တူးဖော်ခြင်း၊ စက်ရေတွင်းတူးခြင်း၊ ရေစင်နှင့် ရေစက်ရုံ တည်ဆောက်ခြင်း၊ ခြံစည်းရိုး ကာရံခြင်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းတို့အား အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် (၆.၄၁၃)သန်းဖြင့် သီးကုန်းကျေးရွာ အုပ်စု တုံးအိုင်ကျေးရွာတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူပြီး အကျယ် အလျား ၁၅၀ ပေ၊ အနံပေ ၁၅၀ ၊ အနက် ၃ ပေရှိ မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းကို ဇွန်လ ၂၇ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ၎င်းမြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း (နည်းပညာ)နှင့် တာဝန်ရှိသူ များက သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေး ယနေ့နံနက်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းပြီးစီးပါ အိမ်ခြေ ၁၀၇ အိမ်၊ လူဦးရေ ၅၄၄ ဦး ရှိသည့် တုံးအိုင်ကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေအတွက် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)