ပင်လောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်

ပင်လောင်း ဇူလိုင် ၈

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အ.ထ.က(ခွဲ) ရေဦးထီယွန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ယမန်​နေ့မွန်းလွဲပိုင်းတွင် အ.လ.က (ထာငို) ကျောင်း၌   ပြုလုပ် ခဲ့သည်။

ဟောပြောပွဲပြုလုပ်ရာ၌ အ​ထက(ခွဲ) ရေဦးထီယွန်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဝေကျော်၊ အ.လ.က ထာငိုကျောင်းတွင်​ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးထွန်းတို့က (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြား​ကြပြီး၊ ဟောပြောပွဲများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခွန်ရဲမင်းပိုင်က အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် အခြေအနေ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဥ်းကို လည်းကောင်း၊ ဦးစီးအရာရှိ ဦးထွန်းလင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းနှင့် ပထမဦးဆုံး အာဇာနည်နေ့အခမ်းအနားကျင်းပခဲ့ပုံကို လည်းကောင်း အကျယ်တဝင့် ဟောပြောခဲ့ကြသည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်နှင့်  အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် အ.ထ.က(ခွဲ) ရေဦးထီယွန်းမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၂၀၀)ခန့်၊ အ.လ.က (ထာငို)မှ ဆရာ၊ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားကျောင်းသူများ (၁၂၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။

ခွန်ရဲမင်းပိုင်