နောင်တရား ဇူလိုင် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ နှစ်ရှည်ထောပတ်ပင်အောက်များတွင် နှစ်ရှည်ကော်ဖီပင်များ စိုက်ပျိုးထားပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း ကော်ဖီစိုက်တောင်သူ တစ်ဦးက ပြောသည်။
ထောပတ်နှစ်ရှည်ပင်စိုက်တာ အပင်သေးချိန်တော့ ကြားညှပ်သီးနှံစိုက်လို့ရတယ် ထောပတ်ပင်ကြီးရင် စိုက်လို့မရတော့ဘူး ထောပတ်တစ်မျိုးတည်းဆို ဝင်ငွေတစ်မျိုးဘဲရတယ် မြေနေရာကကျဉ်းလာတော့ သီးနှံနှစ်မျိုးစိုက်မှ ဝင်ငွေနှစ်မျိုးရမယ် ကော်ဖီကို စမ်းစိုက်ကြည့်တယ် ယခုလိုအသီးသီးပြီး အောင်မြင်တော့ ဝမ်းသာရပါတယ်ဟု နောင်တရားမြို့ အမှတ်(၁)ရပ်ကွက် ကော်ဖီစိုက်တောင်သူ တစ်ဦးကပြောသည်။ ထောပတ်သီးများကို ရန်ကုန်၊ မြဝတီ၊ မန္တလေး၊ အောင်ပန်းကုန်စည်ဒိုင်နှင့် အိမ်နှီးခြင်းနိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိပြီး ကော်ဖီစေ့များကို ပင်လောင်းမြို့အနီးရှိ ရွက်ပုန်းသီးကော်ဖီစက်ရုံသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ဥယျာဉ်ခြံတစ်ခြံတွင် နှစ်ရှည်ပင် နှစ်မျိုးစိုက်ပျိုးထားခြင်းအားဖြင့် ဝင်ငွေနှစ်မျိုးရရှိယုံသာမက စိုက်ပျိုးရေးစရိတ် ကုန်ကျငွေများလည်း လျော့နည်းလာကြောင်း အဆိုပါ စိုက်ပျိုးရေးတောင်သူထံမှ သိရသည်။
ခွန်အောင်(နောင်တရား)