ကျောက်ဆည်မြို့နယ်၊ ရန်ပုံနှစ်ကျေးရွာတွင် ဆဋ္ဌမအကြိမ် မြစိမ်းရောင်စီမံကိန်းချေးငွေများ ထုတ်ချေးပေး

ကျောက်ဆည်၊ စက်တင်ဘာ   ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူ များ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့် ကျေးလက် ကွာဟမှုလျော့နည်း လာစေရေးအတွက် ရည်ရွယ်ပြီး အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၃၀၀)ကို ဖွံ့ဖြိုးမှု နည်းသည့်ကျေးရွာများအားရွေးချယ်ပြီး ထုတ်ချေးပေးလျှက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်က ရန်ပုံနှစ်ကျေးရွာတွင် စီမံကိန်းချေးငွေများ ဆဌမအကြိမ်အဖြစ် မြစိမ်းရောင်စီမံကိန်းငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့်ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအတိုင်း ဆောင်ရွက်ခဲ့ပြီး (အေ)အဆင့် စိုက်ပျိုးရေး လုပ်ကိုင်သူတစ်ဦးလျှင် ငွေကျပ်(၂)သိန်းခုနှစ်သောင်းနှုန်းဖြင့် (၁၉)ဦးအတွက် ငွေကျပ်(၅၁) သိန်း သုံးသောင်းကျပ် (ဘီ)အဆင့် စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦးလျှင် ငွေကျပ်(၂)သိန်း သုံးသောင်းကျပ်နှုန်းဖြင့် (၆၁)ဦးအတွက် ငွေကျပ်(၁၄၀)သိန်း သုံးသောင်းကျပ်ကို လည်းကောင်း၊ ရောင်းဝယ်ရေးလုပ်ကိုင်သူ (၁၂၄)ဦး အတွက် ငွေကျပ်(၂)သိန်းနှုန်းဖြင့် လူဦးရေး(၁၂၄)ဦးအတွက်၊ ငွေကျပ်(၂၄၈)သိန်းကိုလည်းကောင်း၊ စုစုပေါင်းအိမ်ထောင်စု(၂၀၄)စုအတွက် ငွေကျပ်သိန်းပေါင်း(၄၃၉))သိန်းခြောက်သောင်းကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါရန်ပုံနှစ်ကျေးရွာတွင် အိမ်ခြေ၊အိမ်ထောင်စု(၂၀၈)စုရှိပြီး လူဦးရေ(၁၀၃၆)ဦး နေထိုင်လျက်ရှိကာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်အရောင်းအဝယ်လုပ်ငန်းများ အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်းလည်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)