မိုးနဲ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တို အိတ်ချိန်းမှ အော်တို တယ်လီဖုန်း ကြိုးဖုန်းများကို (Fixed Wireless Access) ကြိုးမဲ့တယ်လီဖုန်းစနစ်သို့ အဆင့်မြှင့်တင် ပြောင်းလဲ တပ်ဆင် ပေးခြင်းကို စက်တင်ဘာ ၈ ရက်နေ့က စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်းတာဝန်ခံ ဒေါ်သီတာလှိုင် နှင့်ဝန်ထမ်းများ က မြို့နယ်အတွင်း အော်တိုတယ်လီဖုန်း တပ်ဆင် အသုံးပြုလျက် ရှိသော ဌာနဆိုင်ရာရုံးများနှင့် ပြည်သူများ၏ အိမ်အရောက် ကြိုးမဲ့စနစ် (Fixed Wireless Access) စက်များကို ပြောင်းလဲတပ်ဆင်ပေးခဲ့ကြသည်။
မိုးနဲမြို့နယ်အတွင်း အော်တိုတယ်လီဖုန်းသုံးစွဲသူ ၇၆ ဦးရှိပြီး ဖုန်းအသုံးပြုရာတွင် ယခင်(၀၈၁-၂၈၂၀××××) အစားယခု (၀၈၁-၄၇၂၀××××)ကို ပြောင်းလဲထားခြင်းဖြစ်ကာ ပြောင်းလဲတပ်ဆင်ပေးနေစဉ် သုံးလတာကာလအတွင်း ဖုန်းနံပါတ် နှစ်မျိုးလုံးဖြင့် ခေါ်ဆိုနိုင်ကြောင်း နှင့် ကြိုးမဲ့စနစ် (Fixed Wireless Access) စနစ်တွင် အင်တာနက်ကို ကွန်ပျူတာနှင့် တိုက်ရိုက် ဆက်သွယ်အသုံးပြုနိုင်သလို Wi-fi ဖြင့်လည်း ချိတ်ဆက် အသုံးပြုနိုင်ကြောင်း၊ အင်တာနက်ဝန် ဆောင်မှု အမြန်ဆုံးချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် မိုးနဲမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုတယ်လီဖုံးရုံးအနေဖြင့် စီစဉ်တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)