သီပေါ ဇူလိုင် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားမပြုလုပ်ရသေးသော အသက် (၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်မည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများအခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိနေသော အခြေခံပညာကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများမှ အသက်(၁၀)ပြည့် ပြီးသူများနှင့် အသက်(၁၈)နှစ်ပြည့်မည့်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ ဆက်လက် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှသိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)