ညောင်ဦး ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ပုန်းရည်ကြီးဖိုလုပ်ငန်းများ တွင်ကျယ်စွာ ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း ငါ့သရောက်မြို့၊ ဆည်ကျေးရွာ ပုန်းရည်ကြီးဖိုလုပ်ငန်းရှင်များထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ပုန်းရည်ကြီးလုပ်ငန်းလုပ်ကိုင်သူများပြားပြီး ပုန်းရည်ကြီးလုပ်ငန်းအတွက် ပဲပိစပ်ပဲများကို သာဝတ္ထိမြို့သို့ သွားရောက်ဝယ်ယူကြကြောင်း၊ ပဲပိစပ်ပဲ တစ်တင်းခွဲတစ်အိတ်လျှင် ငါးသောင်းကျပ်ပေးဝယ်ရသည့်အတွက် ပဲပိစပ်ပဲဈေး ကြီးမြင့်သော်လည်း ပုန်းရည်ကြီးကျိုချက်ပြီးချိန် ပုန်းရည်ကြီးတစ်ပိဿာလျှင် ကျပ် ၃၇၀၀ ဖြင့် လှိုင်လှိုင်ရောင်းချနေရကြောင်း၊ ပုန်းရည်ကျိုချက်ခြင်းလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်ရောင်းချနေရခြင်းအတွက် အလုပ်သမားများအတွက်လည်း ပုံမှန်ဝင်ငွေ ရရှိနေကြောင်း ငါ့သရောက်မြို့ ဆည်ကျေးရွာမှ ပုန်းရည်ကြီးထုပ်သမားဖြစ်သူ ဒေါ်ဝင်းဝင်းအေးက ပြောသည်။
ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ပုန်းရည်ကြီးလုပ်ကိုင်ကြသည့် ပုန်းရည်ကြီးဖို သုံးဆယ်ငါးဖိုခန့်ရှိကြောင်း၊ ထွက်ရှိလာသည့် ပုန်းရည်ကြီးများအား တံဆိပ်အမျိုးမျိုးဖြင့် ထုတ်ပိုးပြင်ဆင်ပြီး မြန်မာပြည်အရပ်ရပ်သို့ ဖောက်သည်များမှတစ်ဆင့် တင်ပို့ရောင်းချခြင်း၊ ပုန်းရည်အလွတ်များဝယ်ယူပြီး ပြန်လည်တံဆိပ်တပ်ရောင်းချကြကြောင်း၊ ပုန်းရည်ကြီးကို ပုန်းရည်အခြောက်နှင့်အစို နှစ်မျိုးထုတ်လုပ်ရောင်းချကြပြီး အရသာအားဖြင့် ပုန်းရည်အစိမ့်နှင့်အချဉ်ဟူ၍ ရှိကြောင်း၊ ကိုဗစ်တတိယလှိုင်းကာလအတွင်း ပုန်းရည်ကြီးလုပ်ငန်းများ ခေတ္တရပ်နားသွားခဲ့သော်လည်း ယခုအခါ လုပ်ငန်းတွင်ကျယ်စွာ ပြန်လည်လုပ်ကိုင်ရောင်းချလျက်ရှိကြောင်း သိရသည်။
ကိုကြေးမုံ