ရန်ကင်းမြို့နယ်တွင် အခြေခံပညာအဆင့် ကျောင်းသား / သူများ (၄၄၅) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး sinopharm ဒုတိယအကြိမ် ထိုးနှံပေး

ရန်ကင်း ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ် အတွင်းရှိ အခြေခံပညာ ကျောင်းသား/သူ(၄၄၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ် ၁ ရပ်ကွက်၊ ရန်ကင်းပညာရေး ကောလိပ် (လေ့ကျင့်ရေးအလယ်တန်းကျောင်း) ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး  ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/သူ (၄၄၅)ဦးအား  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော ကျောင်းများသို့လည်း သတ်မှတ်ရက်များအတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် အဆင်ပြေ​ချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းပေးခြင်းနှင့် လက်ကိုစနစ်တကျဆေးကြော စေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

အိရွှေစင်(ပြန်/ဆက်)